ကျနော် ဘလော့ဂ်လေး ။
ကိုယ်ကိုယ်တိုင် မရောက်လာဖြစ်တာ ခြောက်လ နီးပါး။ ပြန်လာမယ်ဆိုတော့ လမ်းတောင်မမှတ်မိ။ အိမ်ထဲကို ၀င်လိုက်ရင်ပဲ ပစ္စည်းတချို့။ ကိုယ်ထားသွားတဲ့အတိုင်းပဲ ရှိနေလေရဲ့။ ဖုန်စတချို့။ ဘယ်ကနေစကိုင်ရမှန်း စဉ်းစားမရ။ ဘယ်တံခါးကို အရင်ဖွင့်ရမလဲ။ ဘယ်အခန်းမှာ ငါဘာတွေထားခဲ့တာလဲ။ သူများပစ္စည်း ငှားထားတာတွေ ပြန်ပေးစရာ ရှိလား....... စဉ်းစားရင်းနဲ့ပဲ။ ဒီအိမ်လေးကို သေသေချာချာ သန့်ရှင်းရေးလုပ် ဆေးတချို့ လှပအောင်ပြန်သုတ်ပေးဖို့ စိတ်ကူးထဲက ဆုံးဖြတ်မိတယ်။ ပန်းပင်တွေလည်း စိုက်ရဦးမယ်..။ ပရိဘောဂ တချို့လည်း ခေတ်မီအောင် အသစ်လဲလိုက်မယ်။
ရုတ်တရက် ခေါင်းထဲမှာပေါ်လာတာက ကိုငယ်... ကျေးဇူးအထူးတင်မိပါရဲ့။ ကိုယ့် အိမ်သော့လေးကို ကိုယ်ခရီးသွားနေတုန်း သူ့ကို အပ်ထားခဲ့တယ်။ သေသေချာချာ မပျက်ဆီးရအောင် စောင့်ရှောက်ထားလေရဲ့။ အိမ်နီးချင်းကောင်း ပီသပါရဲ့။
အင်း ....အိမ်ကိုတောက်ပအောင် လုပ်ဖို့ စိတ်ကူးဆီပြန်ရောက်သွားတယ်။ မီးလုံးတချို့ အသစ်တွေ လဲရမယ်။ ပြက္ခဒိန် တွေဟောင်းနေပီ။ အသစ် ပြန်ချိတ်ရမယ်။ မိသားစု ဓာတ်ပုံလေးတွေ အလ်ဘမ်ထဲ ထည့်ရဦးမယ်။ ကိုယ့်ခရီးသွားမှတ်တမ်းတွေရောပေါ့။ ဒီလို ဆိုရင် ဒီအိမ်မှာရှိတဲ့ ဒိုင်ယာရီ စာအုပ်အဟောင်းလေးထဲမှာပဲ ငါ့နေစွဲတွေကို မှတ်တမ်းတင်တော့မယ်။ လိုအပ်တဲ့ ပစ္စည်းတချို့ဝယ်ဖို့ကိုတော့ အိမ်နီးနားချင်းဆီမှာပဲ အကူအညီတောင်းလိုက်မယ်။ သူက ကူညီတတ်ပါတယ်။ သူနဲ့မတွေ့ရတာလည်း ကြာပီဆိုတော့ သူ့နဲ့ကိုယ် စားပွဲလေးတခုကိုလည်း ကျင်းပဖို့ စိတ်ကူးမိသေး။
အဲဒီလို စိတ်ကူးမိရုံရှိသေး..........ပျော်လိုက်တာ...
ကိုယ့်အိမ်ဟာကိုယ့်ကို တော်တော်ပျော်စေတာပဲ.....ဒါဆို ငါ့အိမ်ကို ပြန်လည်ပြုပြင်မွမ်းမံလိုက်လို့ လှပလာမယ်ဆိုရင် ပိုပျော်စရာပေါ့..။
No comments:
Post a Comment