Sunday, September 21, 2014

သတိရခြင်းများနှင့် လွင့်မျောနေခြင်း.............

 ဒီနေ့မှ ကိုယ့် ဘလော့ ကိုယ်ပြန်ရောက်မိတော့ .. ၂၀၁၃ မှာ post နှစ်ခုသာ ရေးခဲ့ပြီး ၂၀၁၄ မှာ ရေးသားထားခြင်းလုံးဝ မရှိခဲ့တာပဲ .. ဆောရီး ၂၀၁၄ ... ကျနော် ၂၀၁၄ ကို အားနာနေရပြီ.. ဒီနှစ်အတွင်းမှာ အလုပ်တွေလည်း တော်တော်ရှုပ်နေခဲ့ရပြီး ခရီးတွေထွက်ရသော်လည်း ထိထိရောက်ရောက် အပန်းဖြေခဲ့ရခြင်းမျိုးမရှိခဲ့သေးဘူး.. facebook မှာသာ နေ့စဉ်လို ကျင်လည်နေခဲ့ရပြီး အမနာပ သူများပြောစကားတွေနဲ့ သတင်းတွေ new gadgets တွေရဲ့ ဆွဲဆောင်မှုနောက်ကို ကျနော် ငေါက်ငေါက်ပါနေခဲ့တာလေ.. ဒီနှစ်ကိုတော့ အင်တာနက်ကနေ ကျနော့်ကို တိုက်ခိုက်သူအများဆုံးနှစ်အဖြစ်သတ်မှတ်နိုင်သလို ကျနော်တွေ့ချင်တဲ့ ကျနော်ရံဖန်ရံခါ ဇာတိမြို့လေးနဲ့ တွဲတွဲ သတိရနေတတ်တဲ့ ငယ်သူငယ်ချင်းတချို့ကို ပြန်တွေ့ရလို့ ၀မ်းသာမိတယ်... ကျနော့်အကိုလို ဆရာလို အကို ကိုစိုးမိုးသူ ဒီနှစ်ထဲမှာ သြဂုတ်လ ၂ ရက်နေ့ ငွေဆောင်မှာဆုံးတယ် ကျနော်စိတ်မကောင်းအကြီးအကျယ်ဖြစ်ရတယ်.. ဒီလိုနဲ့ စိတ်ဖြေနေရတုန်း ... အဆင်ပြေတာတွေရော အဆင်မပြေတာတွေရော ရန်သူအသစ်တွေရော မိတ်ဆွေ အသစ်တွေရော အားလုံးရောနေတာပါပဲ ၂၀၁၄ ရယ် ... မကြာမကြာ လာပါ့မယ် ..

Thursday, January 31, 2013

ပြန်ပြောပြရရင်………………မိုးမလင်းသေးလို့


ကျနော်ငယ်ငယ်တုန်းက ကွမ်းခြံကုန်းမှာပေါ့ ကျနော်တို့နေတဲ့ရပ်ကွက်က မြို့သစ်ရပ်ကွက် မြို့အ၀င်ရပ်ကွက်လို့ ဆိုရမယ်ဆိုပေမယ့် တကယ်တော့ ထန်းတောရပ်ကွက်ကသာ မြို့စ၀င်ဝင်ချင်းတွေ့ရမယ့်ရပ်ကွက်ပါ.. အခုဆိုရင် ရေစင်နဲ့ရေတံခါးရှိတဲ့ရပ်ကွက်ပေါ့။ အဲ ကျနော်တို့မြို့သစ်ရပ်ကွက်မှာက ဘောလုံးကွင်းရှိတာပဲ။ အားကစားကွင်းလို့ဆိုမလား …. အခုတော့ အောင်ဆန်းသူရိယလှသောင်း အားကစားကွင်းပေါ့ဗျာ. ကွင်းပတ်ပတ်လည်ကို အုတ်နံရံကာထားပါတယ်။ မိန်းဝင်ပေါက်တစ်ပေါက်နဲ့ ကွင်းဘေးကလမ်းမှာနေတဲ့ ဦးဝင်းကြည် အား/ကာ ဥက္ကဌဖြစ်တုန်းက သူ့အိမ်ရှေ့မှာဖောက်ထားတဲ့ မလွယ်ပေါက် အဲသလောက်သာ ၀င်ပေါက်ရှိပါတယ်။ အဲဒီကွင်းမှာ ဘောလုံးပွဲရှိရင် ကျနော်တို့ရပ်ကွက်သားတွေက ဘယ်အပေါက်နံရံကနေ ဘယ်လိုကျော်တက်ဝင်ရမလဲဆိုတာ သိပါတယ်.
ရာသီဥတုကင်းစင်ကာလဆိုရင်တော့ အဲဒီဘောလုံးကွင်းထဲမှာ ဇာတ်ပွဲတွေကျင်းပလေ့ရှိပါတယ်။ ဇာတ်ပွဲကြိုက်တဲ့ကျနော် ရံဖန်ရံခါ သွားကြည့်လေ့ရှိပါတယ်။ မိသားစုနဲ့သွားကြည့်တတ်လို့ပါ။ ပြဇာတ်ပြီးလို့ အားလပ်ချိန်ဆို ကျနော့်မိသားစုက ပြန်သွားပေမယ့် ကျနော်ကတော့နှစ်ပါးသွားကြည့်ချင်လို့ တစ်ယောက်တည်း ကျန်နေရစ်ခဲ့တတ်ပါတယ်။ နှစ်ပါးသွားကြည့်ချင်တယ်ဆိုတာ နှစ်ပါးသွားကတာကို ကြည့်ချင်တာမဟုတ်ပဲနဲ့ လူရွှင်တော်တွေရဲ့ပြက်လုံးတွေကို နားထောင်ချင်တာပါ။ ရီချင်တာ ဟားချင်တာပါ။ တခါတခါ ကျနော့်အမေက နောက်ပိုင်းဇာတ်ကြည့်ချင်လို့ မပြန်သေးရင် ကျနော်ကအမေ့ကို မှာထားပီးတော့ နှစ်ပါးသွားကာလအတွင်း အိပ်ပါတယ်။ မင်းသားကပြီး သီချင်းဆုံးလို့ လူရွှင်တော်တွေထွက်လာရင် နှိုးခိုင်းထားပါတယ်။ အမေက တခါတခါ လူရွှင်တော်ပြက်လုံးမှာ မျောသွားလို့ ကျန်ာကို မနှိုးမိရင် ကျနော်က အမေ့ကိုငြူစူလေ့ရှိပါသေးတယ်။ အဲသလိုကတည်းက ဟာသဆိုတာကို ကျနော်ကြိုက်တတ်တာပါ။ နောက်ပိုင်းဇာတ်ထုပ် ဆိုတာကိုကျနော်ငယ်ငယ်ကတည်းက ကြိုးစားကြည့်ပေမယ့် ဘယ်လိုမှကြိုက်လို့မရတာပါ။ အသက်ကြီးလာလို့ တက္ကသိုလ်ကျောင်းသားဘ၀ရောက်မှပဲ ကျနော်ကြိုက်တတ်လာတာပါ။ အဲလိုမကြိုက်တတ်လို့ ကျနော်ကြိုးစားပြီး အိမ်ပြန်လေ့ရှိပါတယ်။
ဘောလုံးကွင်းက အထွက် ကျနော်တို့ ကုက္ကိုလ်ပင်လမ်းထိဆို ကြားမှာ သုံးလမ်းလောက်ဖြတ်ရပါတယ်။ ဒီလိုလမ်းမကြီးပေါ်မှာ ကျနော်ရဲဝံ့စွာဖြတ်သန်းခဲ့သလောက် ကျနော်တို့လမ်းထဲကို စ၀င်ရင် ကျနော်ကြောက်လာပါတယ်။ ကြောက်မယ်ဆို ကျနော်တို့လမ်းထိပ်က ကုက္ကိုလ်ပင်က လူကြီးနှစ်ယောက်ဖက်စာကျော်လို့ သုံးယောက်စာလောက်ရှိမှာပါ။ အဲသလောက်ကိုကြီးလို့ ကျနော်တို့လမ်းကိုလည်း ကုက္ကိုလ်ပင်လမ်းလို့ နာမည်တွင်တာပါ။ ငယ်ငယ်က ကျနော်တို့မြို့မှာ လမ်းလူကြီးတွေနာမည်နဲ့ တတ်ပြီးခေါ်တတ်ခဲ့လို့ ကျနော်တို့ လမ်းကို ဦးချစ်စိန်လမ်း ဦးသောင်းညွန့်လမ်း စသည်ဖြင့်ခေါ်ခဲ့ပေမယ့် ကုက္ကိုလ်ပင်လမ်းလို့သာ နာမည်တွင်ခဲ့တာပါ။ နာဂစ်ဖြစ်တုန်းကလည်း အဲဒီ ကုက္ကိုလ်ပင်က လူအယောက်(၄၀)လောက် အသက်ကို ကယ်ခဲ့တယ်လို့သိရပါတယ်။ အဲသလောက်ကြီးတဲ့ ကုက္ကိုလ်ပင်ပါ။ အဲဒီအပင်ရဲ့အရိပ်အောက်က မြေပြင်ကွက်လပ်အကျယ်က ကျနော်တို့ငယ်ငယ်တုန်းက ဘောလုံးကန် ထုတ်စီးတိုး ဂျင်ပေါက် သရေကွင်းပစ် ဂေါ်လီရိုက် အဲသလိုအပြင် ဒေါ်ခင်မြ မုန့်ဟင်းခါးဆိုင် ကိုဖိုးလှကြီးစက်ဘီးပြင်ဆိုင်နဲ့ အရေးအခင်းပြီးနောက်ပိုင်းကာလတွေမှာတော့ မြို့အ၀င် စစ်ဆေးရေးဂိတ်အဖြစ် စစ်သားတွေခြေရှုပ်ခဲ့သေးပါတယ်။ ရပ်ကွက်မီးကင်းကလည်း အဲဒီအပင်အောက်မှာပါပဲ။ မီးကင်းနဲ့ပတ်သက်လို့ ရယ်စရာအဖြစ်လေးတခုရှိခဲ့ပါသေးတယ်။
ရပ်ကွက်ထဲမှာ မိညှက်ဆိုတဲ့ မိန်းမတစ်ယောက်ရှိပါတယ်။ ကျနော်တို့လမ်းအစွန် လယ်ကွင်းစပ်နားက ရိုးစပ်မှာ တဲထိုးနေပါတယ်။ သူနေလို့ နောက်အိမ်ခြေမဲ့တွေကလည်း အဲဒီနားမှာ တဲထိုးပီးနေလိုက်ကြတာ ကျနော်တို့ရပ်ကွက် ပါးစပ်ဖျားမှာ မိညှက်တန်းလျားလို့တောင် နာမည်တွင်သွားပါတယ်။ အဲဒီမိညှက်ကလည်း ကလေးတွေများမွေးလိုက်တာ နည်းတာမဟုတ်လို့ ရှင်မွေးလွန်းဘွဲ့ယူသူပါ။ မွေးထားတဲ့ကလေးတိုင်းဟာ နံနက်စာ ညစာကို ဒေါ်ခင်မြမုန့်ဟင်းခါးနဲ့သာ ပီးပါတယ်။ ထမင်းမချက်ပါဘူး။ မိညှက်ယောက်ကျား ခါလာကြီးက ကုလားပါ။ ကြုံရာကျပန်းအလုပ်လုပ်ပါတယ်။ ပညာမတတ်ပါဘူး။ ရသမျှပိုက်ဆံ မိညှက်ကိုပေးတော့ မိညှက်က ရင်ဘတ်ထဲထည့်သိမ်းတာပါပဲ။ မုန့်ဟင်းခါးဖိုးရှင်းရင်တော့ ရင်ဘတ်ထဲက နှိုက်ထုတ်ရတာပါ။ ပြောချင်တာက မိညှက်ယောက်ျား ခါလာကြီး မီးကင်းစောင့်တာပါ။ ကျနော်တို့ငယ်ငယ်ခေတ်က တစ်အိမ်တစ်ယောက်နှုန်းနဲ့ တညကို လေးငါးအိမ်လောက်တော့ ရှိမယ်ထင်တယ်။ မီးကင်းစောင့်ရပါတယ်။  မီးကင်းဆိုပေမယ့် လုံခြုံရေးကင်းပါ။ ညစဉ် ()နာရီလောက် စတင် ချက်အင်ဝင်ရပီး တစ်နာရီတခါ အချိန်ကိုက် သံချောင်းခေါက်စေပါတယ်။ ခါလာကြီးကလည်း ပုံမှန်အငှားစောင့်ပါတယ်။ အငှားဆိုတာ အလှည့်ကျအိမ်က မစောင့်ချင်လို့ သူ့ကို ပိုက်ဆံပေးအငှားစောင့်စေတာပါ။ သူကလည်း ၀င်ငွေရဖို့ ညတိုင်းစောင့်ပါတယ်။ တညမှာတော့ ကိုးနာရီ သံချောင်းကို ဆယ်ချက်ခေါက်လိုက်ပါတယ်။ ““ ဒေါင် ဒေါင်ဒေါင်ဒေါင်.”” ဆယ်ချက်ပေါ့ဗျာ။ နောက်ဆုံးတချက်ကိုဒေါင်လို့တစ်ချက်တည်းခေါက်ပီး သိမ်းရမှာပါ။ သူက ဖီးတက်သွားတယ်ထင်ပါတယ်ဒေါင်..ဒေါင်.” ဖြစ်သွားပါတယ်။ ဒါကိုသတိထားမိတဲ့ ဘေးနားက လှဲအိပ်နေတဲ့ ထန်းတောက တစ်ယောက်ထင်ပါတယ်။ ထပြောပါတယ်။မင်းခေါက်တာ တစ်ချက်ပိုသွားပီ.. တစ်ချက်ပြန်နုတ်လိုက်တဲ့ဒေါင်ကနဲခါလာကြီးက နောက်တချက်ထုလိုက်ပါတယ်။ ကဲ ဘယ်နှချက်ဖြစ်သွားပီလဲ စာရှုသူ။ ဟုတ်ကဲ့ ဆယ့်တစ်နာရီထိုးသွားပါတယ်ခင်ဗျာ။ ခါလာကြီးကတော့ သတိမပြုမိသေးပါဘူး။ ဘန်ကာထဲမှာ ရန်သူကြောက်လို့အိပ်နေတဲ့ စစ်သားက ဘယ်သူလဲကွ ဆိုပြီးတော့ သောင်းကျန်းပါတော့တယ်။ တော်ပါပီ ဟာသလေးတောင် ပျက်တော့မယ်။
ပြောချင်တာက အဲဒီကုက္ကိုလ်ပင်ပါ။ အဲလို မနက်လေးနာရီလောက်အချိန် လမိုက်ညနဲ့ကြုံပီး ကျနော် တခါလောက် အရဲစွန့်ပြန်ကြည့်ပါသေးတယ်။ ဘယ်နှယ့်ဗျာ လက်နှစ်ဖက်ကို ရှေ့ဆန့်တန်းပီးလမ်းလျှောက်ရပါတယ်။ လက်ဆန့်လိုက် လေးဘက်ကုန်းလိုက် တွားသွားလိုက်နဲ့ ပိန်းပိတ်အောင် မှောင်တယ်ဆိုတာမျိုးမှာ ကျနော်တစ်ယောက်တည်းပေါ့။ မှောင်သမှကတ္တရာက အဖိုးခေါ်ရလောက်ပါတယ်။ မျက်လုံးပိတ်ထားတာမှ လင်းဦးမယ်ဗျာ. တော်သေးတယ် အဲဒီအချိန်ကျနော့်ကို ရွယ်တူသူငယ်ချင်းတွေ မမြင်ကြလို့။ မြင်လို့ကတော့ စောက်ရှက်ဗျာ။ ခုလိုကြီးမှတော့ မရှက်တော့ပါဘူးဗျာ။ အဲဒလို မှောင်နှင့်မည်းမည်း အတွေ့အကြုံပီးကတည်းက ကျနော်နောက်ဆို မိုးလင်း ဇာတ်ထုပ်ကြီးပီးတဲ့အထိ နေပါတော့တယ်။ ဇာတ်ထုတ်ကြီးပီးလို့ မိုးမလင်းသေး အလင်းရောင်မထွက်သေးဘူးဆိုရင်တောင် ကျနော်အိမ်မပြန်သေးပါဘူး။ ပရိသတ် မကျန်တော့တဲ့ ဇာတ်ပွဲထဲက အမှိုက်တွေပြန့်ကျဲနေတဲ့ဖျာတွေထဲက အသန့်ဆုံးဖျာတစ်ချပ်ပေါ်မှာ ကျနော်အိပ်လိုက်ပါတော့တယ်။   မကြာခင် မိုးလင်းတော့မှာပါ။ မိုးလင်းမှပဲ နေရောင်ခြည် မခို့တရို့လေးနဲ့ အိမ်ပြန်အိပ်တော့မယ်ဗျာ.. အမေဆူလည်း မတတ်နိုင်တော့ဘူး။ အမှောင်ကို အမေ့ထက်ပိုကြောက်ရတယ်။

သံ​ေ​ယာ​ဇ​ဥ​္ေ​လး​ေ​တြ