ကျနော့်ကိုယ်ကျနော်
အရက်သမားဟု မသုံးနှုံးချင်ပါ။ တကယ်တော့
ကျနော်သည် အရက်ကို
စွဲစွဲမြဲမြဲ မဟုတ်သော်လည်း နှစ်ခြိုက်စွာသောက်တတ်သူတစ်ဦးဖြစ်သည်။ အဲသလိုပဲ
ကျနော့်အဖေသည်လည်း အရက်ကြိုက်တတ်သူဖြစ်ပါသည်။ ထို့နောက်ထပ်
ကျနော်၏ချစ်လှစွာသော သူငယ်ချင်းအများစု သည်လည်း အရက်သမားဟုနာမည်မတပ်ချင်သော အရက်သမားများသာဖြစ်ပါသည်။ ထို့ကြောင့်
ကျနော်သည် အရက်သမားမှမွေးဖွားသော အရက်သမားများနှင့် အပေါင်းအဖော်ဖြစ်နေသည့်
အရက်သမားတစ်ယောက်သာ ဖြစ်သည်ဆိုသည်မှာ ငြင်းမရသေးပါ
ခင်ဗျား။
ထိုသို့ ချိတ်ဆက်ပေါင်သင်းမိနေကြသော ကျနော်တို့အရက်သမားများသည် တစ်ယောက်လျှင်စိတ်ဓာတ်တစ်မျိုးစီဖြင့် ရှင်သန်လျှက်
ကိုင်ပိုင်ကျွမ်းကျင်ရာ အသက်မွေးမှုပုံစံများဖြင့် နေထိုင်ကြပါသည်။ ထိုကျနုပ်၏
မိတ်ဆွေသူငယ်ချင်းများထဲ
တွင်မှ တချို့သည် စိတ်သဘောထားကောင်းမွန်ကြသော်လည်း တချို့ကစိတ်ထားယုတ်ညံ့ကြလေသည်။ ကျနော်သည်
ထိုသို့စိတ်ထား အမျိုးမျိုးရှိကြလေသော မိတ်ဆွေသင်္ဂဟအပေါင်းတို့အား ကောင်းသည်ဆိုးသည်ကို ခွဲခြားသိနေသော်လည်း
လူစုံအောင်ပေါင်းမိလေသည်။ စိတ်ထားကောင်းမှပေါင်းမည် ဆိုးလျှင်မပေါင်းဟု ကျနုပ်ဘာသာ
သတ်မှတ်ထားသည် ဆိုသော်ငြား
ထိုသို့သော ခွဲခြားထားတတ်သော စိတ်မျိုးကို
အရက်မသောက်သည့်အချိန်များတွင် ခွဲခြားထားမိသော်လည်း အရက်သောက်သည့်အချိန်တွင် ဆိုးဆိုးကောင်းကောင်း အားလုံးကိုပေါင်းလေတော့သည်။ ထို့ကြောင့်ကျနော်သည် ယေဘုယျအားဖြင့် အရက်သမားကြီးငယ်
ဆိုးကောင်းမဟူ အားလုံးတို့နှင့် ပေါင်းဖော်မိနေတော့သည်။
ကျနော်သည်အရက်သမားသူငယ်ချင်းများနှင့်ပတ်သက်၍ တခါတရံ
သစ္စာဖောက်တတ်သည်။ ထိုမိတ်ဆွေ
တစ်ယောက်သောသူနှင့် အရက်အတူသောက်၍ ထိုအရက်ဝိုင်း၌
ရန်ဖြစ်တတ်သူ ရန်စကားဆိုတတ်သူပါမှန်း ကျနော်သိသွားလျှင် ထိုသူနှင့်
နောက်နောင် မည်သို့မျှ
မည်သည့်အချိန်တွင်မှ အရက်အတူမသောက်တော့ပါ။ ပုံမှန်အားဖြင့်
ကျနော်သောက်သော အရက်ဝိုင်း၌
ဟာသ၊ နိုင်ငံရေး၊
ဘာသာရေး၊ နည်းပညာ၊
အနုပညာ (အထူးသဖြင့်
ကဗျာ နှင့်
ဝတ္ထုများ) စသည်ဖြင့်ပါဝင်နေလေ့ရှိသည်။ ရန်စကားစတတ်သူ၊ ရန်ဖြစ်ဖို့လူစုသူစသည်ဖြင့်
တစုံတစ်ဦးပါဝင်နေလျှင် ကျနော်ထိုအရက်ဝိုင်းကို လျှင်မြန်စွာ
ပြီစီးရန်ကြိုးပမ်းလေတော့သည်။ ထို့ကြောင့်
ကျနော်သည် ထိုသို့သော
အရက်သမားမိတ်ဆွေများအပေါ်တွင် ထို့သို့
ရံဖန်ရံခါ သစ္စာဖောက်လေတော့သည်။ ထို့ကြောင့်
ကျနော်သည် သစ္စာဖောက်တတ်သော အရက်သမားတစ်ယောက်မျှသာ
ဖြစ်ပါသည်။
၎င်းအခြေအနေမှတဆင့်
ကျနော်သည်လည်း သစ္စာဖောက်ခံရသော အခြေအနေသို့
ရောက်ရှိတတ်သေးသည်။ များသောအားဖြင့် ကျနော်သည်သူငယ်ချင်းများကို
အရက်သောက်ဖို့ စ.မခေါ်တတ်ဘဲ
သူတို့ကသာ စကားစခေါ်လေ့ရှိတတ်သည်။ ထိုသို့သောအခြေအနေမျိုးဆိုလျှင် ရန်စကားမပြောတတ်သူ ရန်လိုသူမပါလျှင်
ကျနော်သည် မငြင်းတတ်တော့ပါ။ အတူတူသောက်ရန်ပြင်ဆင်လေတော့သည်။
ထိုသို့သော အခြေအနေမျိုးကို အခွင့်အရေးယူ၍
တချို့သည် ကျနော့်ကို
ချိန်းဆိုကြလေတော့သည်။ ထိုသို့သောက်ကြပြီးမှ တချို့သည်ကျနော်အား အရင်တောက်လျှောက်ရှိခဲ့သည့်
မကျေနပ်ချက်များကို အားလုံးအရက်မူးလာ၍ ကျနုပ်အားအင်ကျဆင်းလာစ
အခြေအနေသို့ရောက်လျှင် ဖြဲသလိုလို
ဘာလိုလို နှင့်
ငါးစိမ်းသည်ရန်တွေ့ အားမနာပ
စမြုံ့ပြန်ပြောဆိုရန်တွေ့ လေတော့သည်။
အရင် ပုံမှန်ဖြစ်ခဲ့သည့် အချိန်တုန်းက
မဖြေရှင်း မပွင့်လင်းခဲ့ပဲ မူးလာသည့်အချိန်ကျ
စိတ်အခြေအနေ ပုံမှန်မရှိနေသည့်အချိန်ကျမှ မကျေနပ်ချက်ကို ဖော်ထုတ်ခြင်းသည်
သရဲဘောကြောင်သည့် စိတ်ဓာတ်နှင့် အောက်တန်းကျသည့်
အနေအထားသို့ ဖြစ်နေသည့်အတွက် ထိုအရက်သမားကို
ကျနော် ရွံကြောက်လေတော့သည်။ ကျနော်သည်ပုံမှန်အချိန်တွင်
လူကြီးလူကောင်းစိတ်ဓာတ်မွေးလျှက် အတတ်နိုင်ဆုံး ရန်မဖြစ်အောာင်
သည်းခံစိတ်ထားလေ့ရှိသဖြင့် ထိုသို့မူး၍သောက်စကားများမည့်အချိန်တွင်လည်း အတတ်နိုင်ဆုံးရန်မဖြစ်ရန် သည်းခံစိတ်ထားနိုင်သဖြင့် ထိုရန်စကားစ
ပြောဆိုသူသည် ကျနော်၏ထိန်းသိမ်းနိုင်မှုပေါ်တွင် သူ၏မာန်ထန်နေသောရန်လိုစိတ်ဖြင့် အားသာချက်ယူလျှက် နင်ပဲငဆပြောဆိုလေတော့သည်။
ထိုအခါမျိုးများတွင် ကျနော်ဒေါသထွက်လေတော့သည်။ သို့ပါသော်လည်း ကျနော်သည်
မည်သည့်အခါမှရန်မဖြစ်တတ်သဖြင့် ထိုသူ၏
အမနာပပြောဆိုမှုတို့ကို ဒိုင်ခံနားထောင်နေသကဲ့သို့ သည်းညည်းခံနေရတော့သည်။ ထိုသို့သော
အခါမျိုးတွင် ကျနော်၏စိတ်၌
သစ္စာဖောက်ခံရသည်သို့ ခံစားရသဖြင့်
အရက်သမားတွေသည် သစ္စာဖောက်တတ်သည်ဟု မှတ်ယူမိတော့သည်။
ထို့ကြောင့်ကျနော်သည် အရက်သမားတို့သည် သစ္စာဖောက်တွေဟု
ယေဘုယျ သတ်မှတ်လိုက်မိတော့သည်။
သို့ပါသော်လည်း
ကျနော်ငယ်စဉ်ဘ၀က ကျနော်ဖခင်အရက်မူးအိမ်ပြန်လာသည့်အချိန်များတွင် ဖခင်သည် မိခင်အား
အရက်မူးမူးနှင့် စကားပြောဆိုနေလေ့ရှိတတ်သည်။ ကျနော်ကစာကျက်နေသည့်အချိန်ဖြစ်သဖြင့် မိခင်ကလည်း
ငြိမ်၍နားထောင်နေတတ်သဖြင့် ကျနော်ကြားမိသောစကားများကို ယခုထက်မှတ်မိလျှက် ထိုစကားများကို
အရက်သမားစကားများဟု မှတ်သားထားခဲ့မိတော့သည်။ ဖခင်ပြောခဲ့သည်များမှာ သူသည်အရက်သမားဖြစ်သည့်အတွက် အရက်ကိုသာသောက်ကြောင်း အိမ်ထောင်ရေးဖောက်ပြန်ခြင်းဖြင် မိသားစုအပေါ်မည်သည့်အခါမျှသစ္စာဖောက်မည် မဟုတ်ကြောင်းတို့ကို ထပ်တလဲလဲပြောဆိုနေတတ်သည်။
အရက်သောက်ဖို့အလို့ငှာ မိန်းမထံမှသာ
ပိုက်ဆံကိုလက်ဖြန့်တောင်းခံတတ်ပြီး မပေးလျှင်
အရက်ဆိုင်၌ အကြွေးထားတတ်ပြီး လကုန်လစာထုတ်ရက်တွင်
ပြန်ဆပ်လျှက် မည်သည့်အခါမျှ ခိုးဝှက်ခြင်းမရှိတတ်ပဲ
ပေါင်နှံရောင်းချခြင်းကိုလည်း မပြုတတ်ပေ။
အရက်ဆိုင်၌ တွေ့သည့်
နွမ်းပါးသည့် သူငယ်ချင်းမိတ်ဆွေများကို ပေးကမ်းတတ်၍
အပေါ်အကျီ ပြန်ပါမလာပဲ
စွပ်ကျယ်ဖြင့်သာ အိမ်ပြန်လာသည့် အခါများမှာလည်း
မနည်းလှပေ။ ကတ္တီပါဖိနပ်ကို အမြဲစီးတတ်ပြီး
ခြေဗလာဖြင့် အိမ်ပြန်လာသဖြင့် မိခင်ကငြူစူသည်ကိုလည်း
ကျနော် အကြိမ်ကြိမ်မြင်ဖူးသဖြင့် ဖခင်အားစံပြုလျှက် အရက်သမားဟူသည်
သူငယ်ချင်းစိတ်ဓာတ်ရှိသူ အနစ်နာခံတတ်သူ ကူညီတတ်သူ
သစ္စာစောင့်သိသူ ဟူသဖြင့်ကျနော်စိတ်၌ မှတ်သားခဲ့မိသော်လည်း
ယခုကာလ ကျနော်လူရာဝင်၍ လူကြီးဖြစ်လာသည့်အချိန်တွင်
တွေ့ရတတ်သည့် အရက်သမားမိတ်ဆွေ အချို့မှာတော့
စိတ်ဓာတ်ယုတ်ညံ့လျှက် သူတပါး၏
အားနာတတ်မှုကို အခွင့်ကောင်းယူလျှက် မာန်တက်နေသည်များကို
တွေ့ရတတ်သည်တွင် ကျနော်၏
ဖခင်အရက်သမားကြီးအတွက် များစွာဂုဏ်ယူမိ၍ ကြည်နူးပီတိဖြစ်မိနေလေတော့သည်။
နောက်ထပ်တစ်မျိုးသစ္စာဖောက်တတ်သော အရက်သမားတစ်မျိုးရှိနေသေးသည်။
သူကတော့ ကျနော်
အထက်မှာတင်ပြ သကဲ့သို့
ပုံစံများထဲတမူကွဲပြားခွဲထွက်သော ပုံစံဖြစ်သည်။ မူးနေသည့်အချိန်တွင်
ကတိတွေ သူမတူအောင်ပေးတတ်ပြီး မမူးသည့်အချိန်တွင် ပေးထားသမျှကတိအားလုံးမေ့တတ်သော
သူမျိုးဖြစ်သည်။ ထိုသူမျိုးကိုတော့ကျနော်က စိတ္တဇ
အရူးကဲ့သို့ သတ်မှတ်လျှက်
လိုက်လျောညီထွေဆက်ဆံရလေတော့သည်။ မူးနေသည့်ကာလ
သူပြောသမျှ သူဖောသမျှတို့ကို
“အင်း” “ဟုတ်ကဲ့”
စသည်ဖြင့် လိုက်လျောရင်း တခါတရံ ယောက်္ဖခေါ်တတ်သဖြင့် ကိုယ့်ညီမတောင်မှ
ပါပါသွားတတ်သေးသည်။ ထိုသို့သော
အရက်သမားမျိုးကိုတော့ဖြင့် ပျော်စရာလည်းကောင်းရင်း ရီစရာအဖြစ်လည်း သတ်မှတ်ရင်း
ကြုံရင်ကြုံသလို ကိုယ်ကစဖိတ်ခေါ်သောက်ချင်နေမိသေးသည်။ ဒါပေမယ့်
ကိုယ့်ညီမပေးရတာတော့ မသက်သာလှ။
ဒီလိုကောင်မျိုးကလည်း မုန့်ခဏခဏတောင်းနေတတ်သည့် အရူးလိုမျိုး
ယောက်္ဖခဏခဏ ခေါ်သဖြင့်
မချစ်သော်လည်း အောင့်ကာနမ်းနေရသဖြင့် သူနှင့်အရက်အတူတူသောက်ရတာ ပြဿနာမရှိသော်လည်း သူ၏အသုံးအနှုံးများက
သစ္စာဖောက်နေသလို နောက်ကျောကို
ဓားနဲ့ ခဏခဏမွှန်းနေသလို ခံစားရသည်။
နောက်တစ်မျိုး
အရက်သမားကတော့ ကျနော်ကျေကျေနပ်နပ် လက်ခံမိသော
အစားထဲက ဖြစ်လေသည်။
အရက်အတူတူ သောက်ကြသည်။
ကျနော်ကလည်း ထိုသူတို့ကို
လေးစားသမှုဖြင့် မိုက်ရိုက်ခြင်းနှင့်လေးစားမှုမဲ့သော စကားလုံးမျိုးရှောင်ကာ ယဉ်ကျေးစွာပြောဆို စားသောက်၍
ဗဟုသုတများကို နှီးနှောဖလှယ်ကြသည်။ ထိုသူတို့ကလည်း
ကျနော့်ကို ရိုသေလေးစားလျှက် နှီးနှောတိုင်ပင်ကာ
လမ်းညွှန်သင့်သည်များကို လမ်းပြလျှက်
ဆုံးမတတ်သူမျိုးဖြစ်လေသည်။ ထိုသို့သော
အခါမျိုးတွင် အရက်သောက်ရသည်မှာ စာသင်ခန်းအတွင်းသို့
ရောက်နေရသည်ဟု ခံစားရလျှက်
မူးရင်းမှတ်ရင်းပြန်လည်ငြင်းခုံရင်းဖြင့် ဒီမိုကရေစီနည်းစနစ်ဖြစ်သော တက္ကသိုလ်တစ်ခုသို့ တက်ရောက်နေရသည်ဟု
ခံစားမိလျှက် ကျေနပ်နေမိတော့သည်။
နောက်တစ်မျိုးရှိသေးသည်။
အရက်သေစာ လုံးဝမသောက်တတ်ပဲ ကျနော်အားတိုက်ချင်သဖြင့်
ကျနော်လိုသမျှဝယ်ယူကျွေး မွေးလျှက်
ကျနော်၏ဆန္ဒအတိုင်းလိုက်လျောပေးတတ်သော သူငယ်ချင်းများဖြစ်လေသည်။ ထိုသူမျိုးတို့သည် ကျနေုာ်အမူးလွန်လျှင်လည်း
ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်သကဲ့သို့ ကျနော်၏အိမ်သူကိုလည်း ထိုသို့သော
အခြေအနေမျိုးမဖြစ်ခဲ့သကဲ့သို့ လိမ်ညာပြောဆိုပေးသော သူငယ်ချင်းကောင်းများဖြစ်လေသည်။
ထိုသို့သော မိတ်ဆွေအမျိုးအစားများကိုတော့ သစ္စာရှိအရက်သမား(အရက်မသောက်သော်လည်း)
အဖြစ် သတ်မှတ်ခံယူ
ချစ်ခင်နေမိတော့သည်။
အခု ကျနော်
ရေးသားထားသလောက် အရက်သမားမိတ်ဆွေဋီကာဖွင့်မိခြင်းသည် ရင်ထဲက
မကျေနပ်ချက်တချို့ပါသကဲ့သို့ တချို့သောသူများနှင့် အရက်သောက်နေရသည်ကို ကျေနပ်နေခြင်းများလည်း
ရှိနေသေးသောကြောင့် ဋီကာချဲ့ထွင်တင်ပြမိခြင်းသာဖြစ်သည်။ မည်သူ့ကိုမျှ
တိုက်ခိုက်ရေးသားခြင်းမဟုတ်သဖြင့် ကျနော်၏
အရက်သောက်နေရင်းရေးမိပါသော ဆောင်းပါးတစ်ပုဒ်ဖြစ်သည်အားဖြင့် တိုက်ဆိုက်မှုရှိလျှင်လည်း သောက်ဂရုစိုက်မည်မဟုတ်ပါကြောင်း တိတိပပ
ပွင့်လင်းစွာ တင်ပြအပ်လေသည်။
မှတ်ကြလေကုန်
မိတ်ဆွေအစုံ……………..။
No comments:
Post a Comment